Saturday 22 October 2016



*ကံအမှားနှင့်​ခဲဖျက်​ဟူသည်​*
________________

"ပြီးပြည့်​စုံတဲ့လူရယ်​လို့ မရှိပါဘူး.. အမှားကင်းတဲ့လူရယ်​လို့လဲ မရှိပါဘူး.. ဒါ​ကြောင့်​ ခဲတံတစ်​​ချောင်းမှာ ခဲဖျက်​တစ်​ခုက ကပ်​ပါ​နေတာ​ပေါ့" တဲ့။ သိပ်​ဟုတ်​တာ​ပေါ့။ သို့​သော်​..
စာရွက်​​ပေါ်က အမှား​တွေကိုသာ ခဲဖျက်​နဲ့ဖျက်​လို့ ရ​ကောင်းရပါလိမ့်​မည်​ ။ စာရွက်​တစ်​ရွက်​မှာကိုပဲ အမှား​တွေထပ်​ကာ ထပ်​ကာမှားကြလို့ ခဲဖျက်​ရာ​တွေများလာခဲ့ရင်​​တော့ မူလကသန့်​ရှင်းဖြူစင်​​နေတဲ့ စာရွက်​​လေးဟာ ခဲဖျက်​ရာ​တွေ​ကြောင့်​ စုတ်​ပျက်​ညစ်​နွမ်းပြီး အမြင်​မလှ ဖြစ်​ရတာပါပဲ။
လောကလူ​တွေရဲ့ ​နေ့စဉ်​ဘဝ​တွေထဲက အမှား​တွေဟာ စာရွက်​​ပေါ်ကအမှား​တွေနဲ့ မတူပဲ ခဲဖျက်​နဲ့ဖျက်​သလို ပြန်​ပြင်​လို့ မရနိုင်​တဲ့ အမှားမျိုး​တွေလည်း ရှိတတ်​ကြတယ်​ဆိုတာ မ​မေ့​စေချင်​ပါ။ အထူးသဖြင့်​ လူ​တွေ​နေ့စဉ်​ ​ပြောဆို​နေကြတဲ့ စကား​တွေထဲမှာ မှားယွင်းစွာ သုံးနှုန်း​ပြောဆိုမိတဲ့ စကား​တွေကို မ​ပြောမိ မဆိုမိ​အောင်​​တော့ သတိထား​ပြောဆိုကြရပါလိမ့်​မည်​။ စကားတစ်​ခွန်း မှားယွင်းသွားပြီဆိုရင်​ ပြင်​ဖို့ရာ အင်​မတန်​ခက်​ခဲလှသည်​ကို စကားတစ်​ခွန်း၏တန်​ဖိုးကို အ​လေးထားမိသူတိုင်း သိကြ​ပေလိမ့်​မည်​သာ။
ဒါ​ကြောင့်​လည်း သီတဂူဆရာ​တော်​ဘုရားကြီးရဲ့ သြဝါဒမိန့်ခွန်း​တစ်​ခုမှာ "ပါးစပ်​မှာ ခဲဖျက်​မပါတာ သတိထားဖို့လိုတယ်​" လို့ အမိန့်​ရှိ​တော်​မူတာ ထင်​ပါရဲ့။ ​လောကမှာရှိတဲ့ တချို့​သောလူ​တွေက "လူ​တွေမှာ အမှားနဲ့မကင်းကြလို့မို့ ခဲတံ​တွေမှာ ခဲဖျက်​ကပ်​​ပေးရတာ​ပေါ့.. အမှားကင်းသူရယ်​လို့ ဘယ်​ရှိပါ့မလဲ" ဆိုပြီး ဒီအ​ကြောင်းပြချက်​နဲ့ပဲ အမှား​တွေကို ဆင်​ခြင်​ဖို့မကြိုးစားပဲ အမှားမျိုးစုံကိုပဲ ထပ်​ကာထပ်​ကာကျူးလွန်​ဖို့ ကြိုးစားကြသူ​တွေက များလှသည်​။
ကိုယ့်ဘဝရဲ့ အတိတ်​သမိုင်း ပုံရိပ်​​ဆိုတာ​တွေဟာ ခဲဖျက်​နဲ့ဖျက်​သလို ဖျက်​လို့ရတဲ့ အရာ​တွေမှမဟုတ်​တာ။ ကိုယ်​တိုင်​​လျှောက်​ခဲ့တဲ့ ဘဝရဲ့လမ်းတွေမှာ ကိုယ်​သိပြီး လွန်​ကျူးခဲ့တဲ့ အမှား​တွေလည်း ရှိ​နေနိုင်​သလို ကိုယ်​ထင်​မှတ်​မထားပဲ ကျူးလွန်​မိခဲ့တဲ့ အမှား​တွေလဲ ရှိ​နေနိုင်​တာပါပဲ။ လူတစ်​​ယောက်​ရဲ့ ဘဝသမိုင်း​ကြောင်း ​ကောင်းမ​ကောင်း စိစစ်​တဲ့​နေရာမှာ ပစ္စုပ္ပန်​လုပ်​ရပ်​တစ်​ခုတည်းချည်း ကြည့်​ပြီး​တော့ ဆုံးဖြတ်​ရတာမျိုးမဟုတ်​ပဲ အတိတ်​ကပုံရိပ်​​တွေကိုလည်း ထည့်​သွင်းစဉ်းစားကြရမည်​သာ။
တခါတရံ လူ​တွေမှား​လေ့ မှားထရှိတဲ့ အမှား​တွေထဲမှာ ကိုယ်​ပြုခဲ့တဲ့ အမှား​တွေအတွက်​ သူတစ်​ပါးက စာနာနားလည်​ပြီး ခွင့်​လွတ်​​ချေဖျက်​​ပေးနိုင်​​ပေမဲ့ ကိုယ့်​စိတ်​ ကိုယ့်​သန္တာန်​မှာ​တော့ ​မေ့မရ ​ဖျောက်​မရ ​ချေဖျက်​လို့ မရနိုင်​တာ​တွေဟာ ငြင်းမရ​အောင်​ ရှိ​နေတတ်​ကြတာပါပဲ။
ဒါ​ကြောင့်​ ဆရာ​တော်​များ​ဟောကြားဆုံးမ​လေ့ရှိတဲ့ ​နောင်​တဆယ်​ပါးဆိုတဲ့ ဘုရား​ဟောစကား ထင်​ရှားရှိ​နေခဲ့တာ​ပေါ့။ "ရှင်​လူများတို့..ငယ်​ခါကလျှင်​ မသင်​ပညာ ၊ ဥစ္စာမစု ၊ သူ့ကိုချစ်​ဖျက်​ ၊ သူ့သက်​သတ်​စား ၊ သူ့မယား၌ ပြစ်​မှားတုံဘိ ။ ပစ္စည်းရှိလျက်​ စိုးစဉ်းမလှူ ၊ ​မွေးမြူမိဘ မပြုထနှင့်​ ဆုံးမမနာ ၊ ဆရာမြတ်​ထံ နည်းခံမမှတ်​ ၊ အမြတ်​မကျင့်​ ဤဆယ်​ဆင့်​ကား ၊ ကြီးရင့်​ဇရာ အို​သောခါ၌ ၊ ပူစွာ​နောင်​တ ရတတ်​စွ၏" လို့ မဃ​ဒေဝဆရာ​တော်​ကြီးက လင်္ကာစပ်​ဆို ဆုံးမ​တော်​မူခဲ့တာ ရှိပါတယ်​။ ပြင်​မရတဲ့အမှား​တွေ​ပေါ့။ တနည်းအားဖြင့်​ #​နောင်​တမရ​အောင်​ဒီအမှား​တွေ​ရှောင်​ ဖို့သတိ​ပေးခဲ့တာဖြစ်​သည်​။
ဗုဒ္ဓဘာသာရှု​ထောင့်​က​နေ ကြည့်​ပြန်​ရင်​လည်း မိမိတို့ပြုထားခဲ့မိသမျှ​သော ကုသိုလ်​ကံ အကုသိုလ်​ကံဟူသမျှတို့သည်​ ကံကိုပြုမိခဲ့သူ ကိုယ်​တိုင်​က​ မေ့​လျော့​ကောင်း ​မေ့​လျော့​နေ​ပေလိမ့်​မည်​။ သို့​သော်​ ကိုယ်​ပြုခဲ့မိသမျှ ထိုကံရဲ့ သတ္တိစွမ်းကတော့ အမြဲတမ်း online အဖြစ်​နဲ့ record လုပ်​ထားပြီးသားမို့ ​လေလိုပြာလို ​ပျောက်​သွားမှာမဟုတ်​ပဲ အ​ကြောင်းသင့်​တိုင်းမှာ renew အဖြစ်​နဲ့သာ တည်​ရှိ​နေ​တော့မှာပါ။
လောကလူများ မှားကြသမျှ​သော အမှားတို့တွင်​ အ​ကြောင်းကိုစစ်​ "အမြစ်​​မြေက" ဆိုတာလို မသိခြင်း(အဝိဇ္ဇာ) ​ကြောင့်​သာ မှားကြသည်​ဟု ထင်​တတ်​ကြသည်​။ မဟုတ်​ပါ ။ ရံခါကြိုက်​နှစ်​သက်​မှု(တဏှာ)​ကြောင့်​လဲ မ​ကောင်းမှန်းသိလျက်​ အစွဲအလမ်း(ဥပါဒါန်​)​ကြောင့်​ မှားတတ်​ကြသည်​သာ။ မသိလို့မှားကြသူများနှင့်​ သိပြီးလိုချင်​စွဲလမ်းမှု​ကြောင့်​ အမှားလုပ်​ကြသူများကို (၂)မျိုး(၂)စားခွဲကာ ​လေ့လာကြည့်​လျှင်​ အ​တွေးအ​ခေါ်မရင့်​ကျက်​​သေး​သော က​လေးသူငယ်​များနှင့်​လူငယ်​လူရွယ်​များတွင်​ မသိမှုဦး​ဆောင်​ကာ မသိလို့မှားကြသူများဖြစ်​ပြီး သက်​လတ်​ပိုင်းနှင့်​လူကြီးပိုင်းများတွင်​ အများအားဖြင့်​ နှစ်သက်​စွဲလမ်းခြင်း​ကြောင့်​သာ သိလျက်​မှားကြသူများကို မြင်​​တွေ့ရပါသည်​။
ထင်​ရှား​သော သာဓကပြပါဆိုလျှင်​ လူအများကြိုက်​​သော ကွမ်းယာနှင့်​​ဆေးလိပ်​တို့သည်​ လူကိုဥပါဒ်​ဖြစ်​​စေ​သော မ​ကောင်းကျိုးအပြင် ​ငွေကိုအပိုကုန်​​စေ​သော​​ ဆိုးကျိုးကိုပေးမှန်း မသိခင်​က အစမ်းသ​ဘောဖြင့်​ သုံးစွဲမိရာမှ ​နောင်​အခါ ကွမ်း/​ဆေးလိပ်​ မရှိလျှင်​ပင်​ မဖြစ်​ဟူ၍ သုံးရင်းစွဲလမ်း​သောကြောင့်​ ဆက်​လက်​၍သာသုံးစွဲ​နေရပါ​တော့သည်​။ ဤတွင်​ မသုံးခင်​က အကျိုးနဲ့အပြစ်​ကို မသိနိုင်​​သော (အဝိဇ္ဇာ)က ဦး​ဆောင်​ပြီး မှား​လေသကဲ့သို့ သုံးစွဲပြီး​နောက်​ ဆိုးကျိုးအပြစ်​ကိုသိမြင်​သည့်​တိုင်​ မစွန့်​နိုင်​ပဲ ဆက်​လက်​၍မှားယွင်းစွာ သုံးစွဲ​နေခြင်းသည်​ မသိမှု​ကြောင့်​မဟုတ်​ပဲ နှစ်​သက်​စွဲလမ်းမိ​သော(တဏှာ-ဥပါဒါန်​)​ကြောင့်​သာ ဖြစ်​ပါသည်​။
သို့ဆိုလျှင်​ ကျွန်​​တော်​အပါအဝင်​ စာဖတ်​သူများအ​နေဖြင့်​ မိမိတို့သက်​တမ်းအ​လျောက်​ ပြုမိခဲ့ဖူး​သော အမှားများစွာတို့​၌ အထက်​တွင်​ဆိုခဲ့​သော #မသိ၍အမှားပြုမိခြင်း နှင့်​ #လိုချင်​နှစ်​သက်​မှု​ကြောင့်​အမှားပြုမိခြင်း နှစ်​မျိုးတွင်​ ဘယ်​ဒင်းဘယ်​ဟာ​ကြောင့်​ ပြုမိသည့်​အမှားက သာ၍များသနည်းကိုမူ မိမိတို့ကိုယ်​တိုင်​သာလျှင်​ အ​ဖြေထုတ်​ကြရ​ပေ​တော့မည်​။
ငယ်​စဉ်​ကာလ မသိတတ်​ခြင်း​ကြောင့်​ မှားတတ်​​သောသ​ဘောရှိရကား ခဲဖျက်​​ဆောင်​ကာ အခါခါဖျက်​ကြရ​သော်​လည်း ငယ်​စရိုက်​သဘာဝမို့ လွန်​တယ်​လို့​တော့မဆိုချင်​​ပေ။ ထိုအချိန်​အမှားမကင်းက မသိ​သေးသဖြင့်​ ​ဖြေသာ​သေးသည်​။ ကြီး​သောကာလ ​ကောင်းကျိုး ဆိုးပြစ်​ သင့်​မသင့်​ကို စိစစ်​​ဝေဖန်​ ပိုင်းခြားနိုင်​​သော အ​တွေ့အကြုံတို့ ကိုယ်​စီကိုယ်​စီ ရှိခဲ့ကြ​လေပြီ။ သို့​သော်​ "တရားသိလျက်​အကျင့်​ခက်​"ဟူ​သော စကားလည်းရှိ​သေး​ပေရာ ​လောကုတ္တရာနယ်​ပယ်​က သတ်​မှတ်​​သောအမှားများကို မပြုပြင်​မလိုက်​နာနိုင်​ကြသည့်​တိုင်​ ​လောကီနယ်​ပယ်​က သတ်​မှတ်​ပညတ်​​သော သမုတိနယ်​ပယ်​မှ သူတစ်​ပါးတို့ ကဲ့ရဲ့ဖွယ်​ ​အော့နှလုံးနာဖွယ်​ဖြစ်​​သော မကြားဝံ့မနာသာ အမှားမျိုးများကို မမှားမိကြ​စေရန်​ သတိပြုဆင်​ခြင်​သင့်​လှသည်​။
လူတိုင်းအမှားမကင်းသည်​ကား မှန်​ပါသည်​။ ထို့အတူ ခဲဖျက်​ဟူသည်​မှာလည်း စာရွက်​​ပေါ်မှ အမှားကိုသာ ဖျက်​၍ရနိုင်​သည်​။ လူတို့ပြု​သော ကံအမှားများကိုမူ ခဲဖျက်​က မတတ်​နိုင်​သည်​ကိုလည်း သတိပြုသင့်​ပါ​ကြောင်း.....။
ဇော်​မျိုး (Kuantan Nicca Dana)

No comments:

Post a Comment