Thursday 6 October 2016



သူ့နေရာနဲ့ငါ့နေရာ
****************
အများအားဖြင့် လူတော်တော်များပဲ ပြောတတ်ကြပါတယ်။ အထူးသဖြင့် ကိုယ့်စိတ်နဲ့အလိုမကျတဲ့အခါ.. ကိုယ့်အပေါ်ကြောသလို လိမ်သလို ၂ကျပ်ကွက် ၃ကျပ်ကွက်တွေနဲ့ ခံလိုက်ရတဲ့အခါ စိတ်ထဲမကျေမချမ်းဖြစ်ပြီး ဒေါသနဲ့ တွေးမိပြောမိခဲ့ကြတာပေါ့။#ငါ့နေရာမှာသူသာဆိုရင် တဲ့။
တကယ်တမ်း အဲလိုကိုယ့်အပေါ်ကြောသွားတဲ့သူကို မကျေမချမ်းနဲ့ #ငါ့နေရာမှာသူသာဆိုရင်ဘယ်လိုနေမလဲ? ဆိုပြီး တွေးကြ ပြောကြသူတွေကို လေ့လာကြည့်တဲ့အခါ အများအားဖြင့် သူတို့ဟာ တဖက်လူရဲ့ အခက်အခဲတွေ ၊ တဖက်လူရဲ့အခြေအနေနဲ့အနေအထားတွေကို ထည့်တွက်နားလည်ပေးဖို့ မေ့လျော့နေသူများသာဖြစ်ပြီး သူတို့သာနေရာတကာ အသာစံချင်ပြီး အနာမခံချင်တဲ့ စိတ်နေစိတ်ထားရှိသူတွေအဖြစ်သာ တွေ့ရတတ်တယ်။ ဒီလိုလူတွေမှာ #ငါ့နေရာမှာသူသာဆိုရင် ဆိုတာကိုပဲ လက်ကိုင်သုံးတတ်ပြီး #သူ့နေရာမှာငါသာဆိုရင် ဆိုတဲ့အတွေးမျိုး ပျောက်ဆုံးနေကြပြန်တယ်။
#ငါ့နေရာမှာသူသာဆိုရင် ဆိုတာနဲ့ #သူ့နေရာမှာငါသာဆိုရင် ဆိုတဲ့အတွေးတွေဟာ #အနာခံခြင်း နဲ့ #အသာစံခြင်း ဆိုတဲ့သဘောမျိုးဖြစ်တာကြောင့် အသာစံခြင်းဟာ #တဖက်မြင်အတ္တသမား ရဲ့အတွေးအမြင်သာဖြစ်ပြီး အနာခံခြင်းကတော့ #နှစ်ဖက်မြင်ပရဟိတသမား ရဲ့အတွေးအမြင်သာဖြစ်တယ်လို့ ဆိုချင်တယ်။
တချို့လူတွေနဲ့ အပေါင်းအသင်းလုပ်ရတဲ့အခါ သတိထားစရာ အချက်တွေထဲမှာ ကိုယ်နဲ့ပေါင်းသင်းနေတဲ့သူက #တဖက်မြင်သမားလား (သို့မဟုတ်) #နှစ်ဖက်မြင်သမားလား သိထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တဖက်မြင်သမားများဟာ ပုဂ္ဂိုလ်ရေး ၊ငွေရေးကြေးရေး ၊ လုပ်ငန်းဆိုင်ရာတွေမှာ သူတို့အသာမရပဲ အနာခံလာရပြီဆိုရင် အဲဒီလူနဲ့အပေါင်းအသင်း မလုပ်ချင် မပတ်သတ်ချင်ကြတော့ဘူး။ ဒီအခါ ဘာမဟုတ်တဲ့ အသေးအမွှားကိစ္စမျိုးမှာတောင် ပြဿနာလုပ်အမုန်းပွားပြီး မိတ်ဆွေကနေ ရန်သူအသွင်ဆောင်သွားတတ်ကြတာမို့ သိပ်ကိုသတိထားဆက်ဆံရမဲ့သူတွေပေါ့။ ဘာကြောင့်လဲ?
ထိုသူမျိုးတွေဟာ အမြဲတမ်းပဲ #ငါ့နေရာမှာသူဆိုရင် ဆိုတဲ့အတွေးမျိုးနဲ့သာ ရှင်သန်နေသူများဖြစ်လို့ လူနဲ့လူ့ပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံတဲ့အခါ သူတို့နဲ့စရိုက်တူသူတွေ၊ သူတို့ထက်ပိုပြီးအတ္တဆန်သူတွေနဲ့ သဟဇာတမဖြစ်နိုင်လို့ပါပဲ။ အထူးသဖြင့် တဖက်မြင်သမားများဟာ ကိုယ့်ခံစားချက်ကိုသာ ဦးစားပေးတတ်ကြပြီး သူတပါးရဲ့ခံစားချက်ကိုကျတော့ မသိကျိုးကျွံ ပြုတတ်ကြပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ အနစ်နာခံနိုင်ပြီး သူ့ဒုက္ခကို သူတပါးတို့အပေါ် ဝန်မပိစေဘဲ ကိုယ်နဲ့အခြားသူတွေရဲ့ ဒုက္ခကိုသာ စာနာနားလည်မှုနဲ့ ကူညီဖေးမတတ်သူကို သင်တို့တွေ့ဖူးကြရဲ့လား? တွေ့ဖူးသည်ဟုဆိုပါက ထိုသူများကို အလေးဂရုပြုတန်ဖိုးထားကြဖို့ တိုက်တွန်းလိုပါတယ်။ အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် အများနည်းတူ တဖက်မြင်သမားများမဟုတ်ကြပဲ လောကကို တထောင့်တနေရာက ကျေးဇူးပြုတတ်သော #နှစ်ဖက်မြင်သမားများသာ ဖြစ်သောကြောင့် ဖြစ်ပါတယ်။ သူတို့၏စိတ်တွင် အသာစံ ၊ အနာခံလိုစိတ် မရှိတတ်ပါ။ #ငါ့နေရာမှာသူသာဆိုရင် ဟူသောအတွေးကို ရံခါတွေးမိသကဲ့သို့ ထိုအတွေးကိုအခြေခံလို့ပင် #သူ့နေရာမှာငါသာဆိုရင် ဟူသောအတွေးမျိုးသာ အစဉ်တွေးလေ့ရှိကာ မိမိအခက်အခဲထက် သူတပါးအခက်အခဲကိုသာ အစဉ်အလေးထားဆောင်ရွက်လိုသူများ ဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲလိုလူတွေမှာ ကရုဏာစွမ်းအားသည် အထုံဝါသနာအဖြစ် အင်အားကြီးမားစွာ ကိန်းဝပ်တည်နေခြင်းကြောင့် ဖြစ်ပါတယ်။
ဓမ္မပဒဝတ္ထုများ ၊ ငါးရာငါးဆယ်ဇာတ်နိပါတ်တော်များကို လေ့လာဖတ်ရှုမိတဲ့အခါ ဘုရားအလောင်းတော်များဟာ ဖြစ်ရာဘဝတိုင်းလိုလိုမှာ အနစ်နာခံတတ်သူ #နှစ်ဖက်မြင်သမား အဖြစ်သာအများအားဖြင့်တွေ့ရပါတယ်။ #ငါ့နေရာမှာသူသာဆိုရင် ဆိုတဲ့အတွေးထက် #သူ့နေရာမှာငါသာဆိုရင် လို့အမြဲတမ်းတွေးပြီး ဉာတတ္ထစရိယာ ၊ လောကတ္ထစရိယာ ၊ဗုဒ္ဓတ္ထစရိယာဆိုတဲ့ ကျင့်စဉ်ကြီးသုံးရပ်ကို ကျွဲကူးရေပါတဲ့နည်းနဲ့ စနစ်တကျ ဖြည့်ကျင့်ခဲ့ကြပါတယ်။
မိမိမှာ ဘုရားကိုကြည်ညိုရာတွင် ဗောဓိပင်နဲ့ရွှေပလ္လင်မှာ မာန်ငါးပါးအောင်တော်မူပြီးနောက် သဗ္ဗညုတရွှေဉာဏ်တော်ရ၍ လောကသုံးပါးအထွတ်အထိပ်ရောက်ပြီး ဘုရားဖြစ်တော်မူပြီးနောက်မှသာ ကြည်ညိုခြင်းမဟုတ်ပါ။ ငယ်စဉ်ကလေးဘဝ စာသင်ခန်းထဲမှသည် အာဇာနည်မျောက်မင်းဇာတ်၊ နိဂြောဓသမင်မင်းဇာတ် ၊ ပညာရှိပေါက်တူးသမားဇာတ် စသည်တို့ကို သင်ကြားရစဉ်ကပင် ဘုရားအလောင်းတော်တို့၏ စိတ်နေစိတ်ထားကို အလွန်ကြည်ညိုအားကျမိခဲ့ဖူးပါတယ်။ သင်္ခပတ္တဇာတ်နှင့်အခြားဇာတ်တော်တခုတွင် ပေးရန်ခက်တဲ့ မိမိမျက်လုံးကိုပင် ဖောက်ထုတ်ကာပေးလှူခဲ့ပုံနှင့် ဇာတ်တော်တခုတွင် အာဟာရပြတ်၍ ကျင်းထဲမှပြန်မတတ်နိုင်ရှာပဲ သေအံ့သောကျားကိုပင် #သူ့နေရာမှာငါသာဆိုလျှင် ဟူသောအတွေးဖြင့် မိမိခန္ဓာနဲ့အသက်ကို ကျားရဲ့အစာအာဟာရအဖြစ် အင်အားဖြစ်စေခဲ့ပုံကို ပြန်တွေးမိတိုင်းလဲ အလောင်းတော်တို့ရဲ့ ဒါနဥပပါရမီ ၊ ဒါနပရမတ္ထပါရမီကို ကြည်ညိုမဆုံးဖြစ်ရပြန်တယ်ပေါ့။
လောကအကျိုး သတ္တဝါတို့ရဲ့အကျိုးကိုဆောင်ရွက်ရာမှာ #ကရုဏာစိတ်စွမ်းအင်လောက်ထိရောက်ပြီးအင်အားကောင်းတဲ့စွမ်းအားဆိုတာမရှိနိုင်ပါဘူးတဲ့။ တဖက်မြင်အတ္တသမားများဟာ နေရာတကာ သူတပါးအရေးထက် ကိုယ့်အရေးကိုသာ ဦးစားပေးတတ်ကြပေမဲ့ သေခါနီးဆဲဆဲကာလရောက်တဲ့အခါကျတော့ ကိုယ့်အရေးကိုယ့်အတွက်တောင် ဘာမှမလုပ်နိုင် မယူသွားနိုင်တော့ပါဘူး။ ငါဆိုတဲ့အတ္တစွဲက ပိုကြီးမားလေလေ #ငါ့နေရာမှာသူသာဆိုရင် ဆိုတဲ့ဒေါသ မစ္ဆရိယအတွေးမျိုးတွေ များများတွေးမိလေပါပဲ။
လောကလူတွေ အပူဒုက္ခတွေကငြိမ်းချမ်းစေဖို့ ၊ ပရဟိတနဲ့ကိုယ်ချင်းစာတရားတွေ ထွန်းကားစေဖို့ ၊ ကမ္ဘာလောကကြီး ထာဝရသာယာလှပနေစေဖို့ဆိုရင် တို့တတွေဟာ ဒီကနေ့ကစပြီး #ငါ့နေရာမှာသူသာဆိုရင် ဆိုတဲ့ #တဖက်မြင်အတွေးမျိုးတွေ စွန့်လွတ်ပြီး ငါ့နေရာမှာသူသာဆိုရင်ကနေ တဆင့်တက်ပြီး #သူ့နေရာမှာငါသာဆိုရင် ဆိုတဲ့ #နှစ်ဖက်မြင်အတွေးမျိုး တွေကို တွေးတတ်မြင်တတ် ကျင့်သုံးတတ်တဲ့ #လူပီသတဲ့လူတစ်ယောက် ဖြစ်လာအောင် ကိုယ်စီကိုယ်စီ ကြိုးစားကြပါစို့လားဗျာ..။ ။
Nicca Dâna

No comments:

Post a Comment