Thursday 13 October 2016

လာမည့်နှစ်မှစ၍ ပြည်ပ၌ လုပ်ကိုင်မည့် အလုပ်သမားများ Job Passport ဖြင့် သွားရောက်ရမည်

လာမည့်နှစ်မှစ၍ ပြည်ပ၌ လုပ်ကိုင်မည့် အလုပ်သမားများ Job Passport ဖြင့် သွားရောက်ရမည်
==================================================
နေပြည်တော် အောက်တိုဘာ ၁၁
အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနတွင် မှတ်ပုံတင်ထားသော ပြည်ပအလုပ်အကိုင် လိုင်စင်ရ အကျိုးဆောင် အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားများအား စေလွှတ်ခဲ့ရာ အလုပ်သမားအများစုသည် နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်လျှောက်ထားခြင်းမပြုဘဲ ပွဲစားများ၏ လျှောက်ထားပေးခြင်း အရသော်လည်းကောင်း၊ အေဂျင်စီများဖြင့် အဆက်အသွယ်မရှိခြင်းကြောင့်သော် လည်းကောင်း၊ နိုင်ငံကူးလက်မှတ် အမျိုးအစား Visit Passport ဖြင့် သာလျှောက်ထား၍ သွားရောက်ခဲ့ကြပါသည်။
အလုပ်သမားများသည် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ဗီဇာသက်တမ်းတိုးပါက Visit Passport ဖြင့် သွားရောက် သူများသည် သက်တမ်းတိုးရန် အခက်အခဲရှိသလို ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားသူများနှင့် အလုပ်လုပ်ကိုင်ရန် သွားရောက်သူများ ခွဲခြားရန် ခက်ခဲမှုရှိပါသဖြင့် အလုပ်သမားများနှင့် ခရီးသွားသူများကို စိစစ်နိုင်ရန်အတွက် နောင်တွင် အလုပ်သမားစေလွှတ်မှုများအား Job Passport များဖြင့်သာ ခွင့်ပြုဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အလုပ်သမားများသည် နိုင်ငံကူးလက်မှတ်အမျိုးအစား Job Passport ဖြင့် လျှောက်ထားရာတွင် အခက်အခဲရှိပါက ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီမှ တစ်ဆင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် သွားရောက်ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါ၍ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်မည့်သူများအား ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ Job Passport ဖြင့် ဆောင်ရွက်ရန် အကြောင်းကြားထားပါကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
(နေသန်)
The Mirror Daily

No comments:

Post a Comment