Wednesday 2 November 2016



အနတ္တသဘောကို ဝိုးတဝါးရှုမြင်မိခြင်း
*********************************
လွန်ခဲ့တဲ့ ၅နှစ်လောက်ကပေါ့ ။ မလေးမှာနေစဉ် အလုပ်ကပြန်တော့ ရေချိုးခါနီး လက်မှာပတ်ထားတဲ့နာရီကို ခဏချွတ်ပြီး ဆပ်ပြာခွက်တင်တဲ့ ခုံတန်းလေးပေါ်မှာ တင်ထားခဲ့မိတယ် ။ ကျွန်တော်နဲ့အတူ အလုပ်ထဲက မြန်မာတစ်ယောက်နဲ့ ဗီယက်နမ်နှစ်ယောက်လဲ ရေချိုးနေကြပါတယ် ။ ရေချိုးပြီး အခန်းပြန်ရောက်တော့ နာရီမေ့ကျန်ခဲ့တာကို ချက်ချင်းသတိရလို့ ခုန ရေချိုးတဲ့နေရာကို ပြေးသွားကြည့်မိတယ်ဆိုရင်ပဲ ကျွန်တော်ထားခဲ့တဲ့နေရာမှာ နာရီကိုမတွေ့ရတော့ပါဘူး ။
အခန်းနဲ့ရေချိုးတဲ့နေရာဟာ ကပ်လျက်နီးနီးလေးရယ်ပါ ။ ဒါပေမဲ့ နာရီဟာ လုံးဝကိုမတွေ့ရတော့ပါဘူး ။ အတူရေချိုးနေတဲ့သုံးယောက်ကို မေးကြည့်ပြန်တော့လဲ သူတို့မတွေ့မိဘူးလို့ ဆိုကြပါတယ် ။ စဉ်းစားမတတ်အောင် ပျောက်ချက်သားကောင်းလှတဲ့ ကျွန်တော့်ရဲ့နာရီလေးကို နှမျှောတသသဖြစ်ရင်းနဲ့ စိတ်ထဲမှာလဲ "ဒီကောင် သုံးကောင်ထဲက တစ်ယောက်ယောက်ရဲ့လက်ချက်ပဲ" လို့သံသယစိတ်နဲ့ ဒေါသတွေလဲ ဖြစ်နေမိပါတယ် ။
*ဥစ္စာပျောက် ငရဲရောက်* တဲ့.. ကြားဖူးတဲ့ စကားပုံတစ်ခုပေါ့ ။ အခုလဲ ရှစ်နှစ် ကိုးနှစ်လောက် ကိုယ်အမြတ်တနိုးနဲ့ အသုံးပြုလာခဲ့တဲ့နာရီလေး တစ်ချက်ကလေး သတိမေ့မိတဲ့ ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် ဆုံးရှုံးလိုက်ရပြီဆိုတော့ နှမျှောတသသနဲ့ အိပ်လို့တောင် မပျော်ခဲ့ပါဘူး ။
ဒီတော့မှ ကိုယ့်အဖြစ်ကို ကိုယ်ပြန်ပြီး ဆင်ခြင်မိတယ် ။ ဒီထက်မက တန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုတောင် သူတစ်ပါးတို့ကို ပေးကမ်း လှူဒါန်းဖူးပါလျက်နဲ့ ဒီနာရီလေးကျမှ ငါဘာလို့နှမျှောတသ ဖြစ်နေမိတာလဲလို့ပေါ့ ။
#** အမှန်တော့ အသုံးပြုစရာအဖြစ် သတ်မှတ်အသုံးပြုလာတဲ့ ဒီပစ္စည်းဟာ အသုံးပြုဖို့အတွက်ပဲ ဖြစ်သင့်တာပါ ။ အသုံးပြုစရာဒီပစ္စည်းအပေါ် အသုံးပြုရင်းစွဲလန်းမိရင်တော့ သုံးရင်းစွဲလာတာမို့ ဒီအစွဲမျိုးနဲ့သာ ရုတ်တရက်သေကြည့် ။ "အစွဲနဲ့သေ (ပြိတ္တာ) သရဲပြည် " ရောက်မှာ သေချာပါတယ် ။
ဒီလိုတွေးမိပြန်တော့ ဘာပြောကောင်းမလဲ ကြောက်လိုက်တာနော် ။ အမြတ်တနိုးသိမ်းထားတဲ့ သင်္ကန်းလေးကို စွဲမိတဲ့ ရဟန်းကြီးဦးတိဿဟာ သေတဲ့အခါကျတော့ သင်္ကန်းအပေါ် စွဲမိတဲ့စိတ်ကြောင့် သင်္ကန်းမှာလာကပ်တဲ့ သန်းပြိတ္တာဖြစ်ရပုံကိုလဲ သွားသတိရမိတာကိုး ။
ဒါ့ကြောင့် လူသံယောဇဉ် ၊ ပစ္စည်းသံယောဇဉ်ဆိုတဲ့ အစွဲတွေဟာ အလွန်လည်းကြောက်စရာကောင်းပါလားလို့ ဆင်ခြင်မိတယ် ။ ဒီအစွဲတွေဟာ လူနဲ့ဒုက္ခ ၊ ဒုက္ခနဲ့လူကို အစဉ်မကွဲရအောင် အမြဲယှဉ်တွဲ ဆက်စပ်ပေးတတ်တဲ့ သဘောတရားတွေပါလား ဆိုတာကိုလဲ နားလည်သွားမိတယ်။
ကျွန်တော်တို့ကို သံသရာမှာ ဒီလိုအပူ ဒီလိုသောကတွေနဲ့ နေမထိ ထိုင်မသာဖြစ်အောင် အဓိကကြိုးကိုင်သူက ပပဉ္စတရားပါ။ တကယ်တော့ ပပဉ္စဆိုတဲ့တရားဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို သံသရာမှာ ခေါင်းအမျိုးမျိုးနဲ့ဖြစ်အောင် ဖန်တီးပေးလိုက်တဲ့ တရားခံလက်သည်ပဲ မဟုတ်ပါလား။ **#
အခုလို ပူလောင်သောကနဲ့ ဒေါမနဿတွေ ဖြစ်နေရတာကို ဆင်ခြင်ကြည့်တဲ့အခါ ပျောက်သွားတဲ့နာရီအပေါ်မှာ "ငါဆိုင်တယ်" ထင်ခဲ့မိလို့ နှမျှောတသသနဲ့ ဖြစ်ခဲ့ရသလို "ငါပိုင်တယ်" ထင်ခဲ့မိလို့လဲ ဒေါမနဿနဲ့ သောကများခဲ့ရတာပါလားလို့ သိရှိခဲ့ရတယ် ။
*ပျက်လျှင် မပြင် ၊ ပျောက်လျှင်မရှာ ၊ ဗလပွသုံး ၊ လူဉာဏ်တုံးတော့ မဖြစ်စေနဲ့* လို့ဆရာသမားများ ဆုံးမစကားရှိသော်လည်း ပျောက်တဲ့ပစ္စည်း ရှာရတာကလည်း *ဆေးဖိုးထက် အပ်ဖိုးကြီး* ဆိုတာလို တွေ့လို တွေ့ငြား ရှာလေလေ ပစ္စည်းအပေါ် နှမျှောမိတဲ့စွဲလန်းစိတ်က ပို၍ ပို၍ကြီးထွားလေလေပါပဲ ။ တကယ်တော့ သက်မဲ့ဖြစ်တဲ့ ပစ္စည်းဥစ္စာနဲ့ သက်ရှိဖြစ်တဲ့ ချစ်သူ ခင်သူ မြတ်နိုးသူများဟာလည်း * ပြင်ပသူစိမ်းကဲ့သို့ သူ့သဘောအတိုင်းသာ သူဖြစ်လို့နေတတ်တဲ့ အနတ္တသဘောတရားတွေပဲ မဟုတ်ပါလား ။ စိုးသူ ၊ ပိုင်သူဆိုတာမရှိ ။ ယူစရာ ၊ ပြစရာ ဘာတစ်ခုမှ အနှစ်သာရရှာမရတဲ့ တရားတွေပဲမို့ ကုသိုလ်ကံ အရှိန်ကုန်တာနဲ့ ကိုယ်က မစွန့်ချင်သော်လဲ သူကစွန့်သွားတတ်တာပဲလေ ။
သက်မဲ့ပစ္စည်းမျိုးကို မဆိုထားနှင့် ။ သက်ရှိဖြစ်တဲ့ မိဘ ၊ သားမယား စတဲ့ ချစ်သူခင်သူများသော်မှ ရှေးအကြောင်းကံကြုံလို့ ဆုံလာကြပေမဲ့ ဘဝလမ်းခွဲချိန်ရောက်တဲ့အခါ နာနာဘာဝ ၊ ဝိနာဘာဝ စသည် သေကွဲ ၊ ရှင်ကွဲမျိုးဖြင့် ကိုယ်ကမခွဲ သူကခွဲသွားကြရတာပဲမဟုတ်လား ။ ရှိပြီးသားစည်းစိမ်တွေ ကုန်ပျောက်လို့ ဆင်းရဲခြင်းသို့ရောက်ရသော အညတ္ထာဘာဝ စသည်တရားတို့သည်လည်း အများသူငါ လူတကာတို့ကြုံတွေ့ရမြဲဖြစ်တဲ့ ဓမ္မတာတရားတွေပါပဲ ။
ကိုယ်ရထားတဲ့ ဘဝတစ်ခု ၊ ခန္ဓာတစ်ခုမှာတောင် ရုပ်တရား ၊ နာမ်တရားတို့ဟာ အမိဝမ်းတွင်း ပဋိသန္ဓေယူစဉ်ကာလကတည်းက အတူယှဉ်တွဲ ဖြစ်တည်လာကြပေမဲ့ ကံက သတ်မှတ်လိုက်တဲ့ ဆုံခွင့်ကုန်ဆုံးတဲ့တစ်နေ့မှာ ရုပ်က မခွဲသော်လည်း နာမ်တရားက ခွဲသွားရမှာ ဖြစ်သလို နာမ်က မခွဲသော်လည်း ရုပ်တရားက ခွဲသွားမှာ အမှန်ပါ ။ ရုပ်နာမ်ချုပ်ဆုံးလို့ ဘဝတစ်ခု ပျက်သုန်းသွားတဲ့အခါ ...
@ အသုံးပြုရာ ပစ္စည်းတွေအပေါ်မှာ သုံးရင်း မစွဲမိအောင်..
@ မိဘ ၊ ဇနီးခင်ပွန်း ၊ သားသမီးတွေအပေါ် ခင်ရင်း မတွယ်မိအောင်..
@ ရုပ်နာမ်နှစ်ရပ် ပေါင်းစပ်ထားတဲ့ ဘဝတစ်ခု ၊ ခန္ဓာတစ်ခုကိုတောင် ငါ့ကိုယ် င့ါဟာလို့ မသိမ်းပိုက်မိအောင်..
အရှိ ဖြစ်ပျက်တရားကို အသိမဂ်နဲ့ မြင်အောင်ကြည့်နိုင်လို့ဖြစ်စေ..
ငါ့ကိုယ် ၊ ငါ့ဟာ ၊ ငါ့ပစ္စည်းရယ်လို့ အမြဲအဆွယ်ပွားစီးနေတတ်တဲ့ အစွဲအလန်းတွေကို အမြဲတမ်း*အနတ္တ*ဆိုတဲ့ အသိတရားနဲ့ သတိထားဆင်ခြင်နိုင်ခြင်းဖြင့် ဖြစ်စေ...
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ၊ ဥပါယာသ စသည့်တရားဆိုးတို့မှ ကင်းရှင်းအေးချမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်...
မောင်အေးချမ်း (7/8 /2015)

No comments:

Post a Comment