Friday 2 September 2016

ညီနောင်တို့...


ညီနောင်များသို့
***************
ညီနောင်တို့...
သမိုင်းတလျှောက်
စံတင်လောက်တဲ့ ပုံရိပ်တွေနဲ့
တိုင်းရင်းသားလို့ ခေါ်တွင်ခဲ့ပေမယ့်
ငါတို့ဟာ ညီအကိုတွေပါ
မင်းတို့မပါပဲ မြန်မာလို့ မဆိုနိုင်ဘူး။
ညီနောင်တို့...
နိုင်ငံနဲ့ အ၀ှမ်း
အမျိုးပေါင်း တရာကျော်
အခေါ်အဝေါ်တွေ ကွဲခဲ့ပေမယ့်
ငါတို့ဟာ မြန်မာ
မင်းတို့မပါရင် ကမ္ဘာမှာ မတင့်တယ်ဘူး။
ညီနောင်တို့...
ပြည်နယ်တွေခွဲ
နေရပ်တွေ လွဲ
ဘာသာတွေ ကွဲပေမယ့်
ငါတို့ဟာ ညီအကိုတွေပါ
မင်းတို့မပါပဲ ပြည်မသာနိုင်ဘူး။
ညီနောင်တို့...
ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်နန်းနဲ့
မင်းတို့ရဲ့ အတိတ်
တဖိတ်ဖိတ် လက်ခဲ့ပေမယ့်
အဆက်ဆက်က ဖောက်ပြန်မှုတွေကြား
နိုင်ရာစားရင်း အုပ်ချုပ်ခဲ့ကြတာ
ပြည်မြန်မာ လို့တောင် အမည်တွင်ခဲ့ပြီ။
တိုင်းတပါးကျွန် အဖြစ်
ဆယ်စုနှစ်များစွာ
အတူခံခဲ့ရတဲ့ ငါတို့သမိုင်း
နှိုင်းချင့်လို့ ပြန်ကြည့်ရင်
ထီမထင်တဲ့ ဇာနည်ဘွားတွေ
အများသား ရှိခဲ့ဖူးတယ်။
တယောက် တပေါက်
တောခြောက်သလို တွန်းလှန်ခဲ့ပေမယ့်
မအောင်မြင်ခဲ့တဲ့ တော်လှန်ရေး
ပြန်တွေးရင် အသစ်ဖြစ်
တဆစ်ဆစ်နဲ့ နာကျင်နေဆဲပါ။
သခင်အောင်ဆန်းကို အကြောင်းပြု
ပေါင်းစုခဲ့တဲ့ ငါတို့အား
လူမျိုးခြားတပ်မဟာကို
မာန်ပါပါ တိုက်ခိုက်ရင်း
အောင်လံတွေ အခါခါလွှင့်လို့
ညီအကိုတွေ ပနံသင့်ခဲ့ဖူးတယ်။
အခုများ....
အာဏာရှင် လူတစုရဲ့
လောဘက်တက် ဇာတ်ဝင်ခန်းမှာ
သွေးစည်းခဲ့တဲ့ ငါတို့သမိုင်း
အစိုင်းစိုင်း ကွဲထွက်လို့
သူတလူ ငါတမင်းနဲ့ စစ်ခင်းရပြန်ပြီပေါ့။
မထင်နဲ့ ကိုယ့်လူ...
ဗမာစစ်တပ်တွေ ကြီးစိုးလို့
ငါတို့တွေ ပျော်နေတယ်လို့ မင်းတို့မတွေးလေနဲ့...
ပြည်သူကို ငယ်ကျွန်လိုသဘောထားတဲ့
အာဏာရှင်လက်ထက်မှာ
ငါတို့ဗမာပြည်သူတွေက နွားတွေပါ...။
မင်းတို့မှာ ပြေးစရာ တောရှိတယ်...
ခိုစရာတောင် ရှိတယ်...
မကျေနပ်ရင် ပုန်ကန်လို့ ရပေမယ့်
ငါတို့ဗမာတွေက
သတ်ကွင်းက သားသမင်လို
အများအမြင်မှာ လွတ်လပ်သော်ငြား
အစာစားရင်းတောင် သေခဲ့ကြရတယ်။
မင်းတို့ဆီက အမုန်းတရားရယ်
အာဏာရှင်ထံက ရက်စက်မှုရယ်ကြောင့်
ငါတို့ဗမာတွေ ရင်နာခဲ့ကြရတယ်။
ညီနောင်တို့....
မင်းတို့ပြောတော့ မင်းတို့သမိုင်း
ငါတို့ပြောတော့ ငါတို့သမိုင်း
မရိုင်းစိုင်းခဲ့တဲ့ ဆက်ဆံရေးမှာ
ဖိနှိပ်ခံရသူချင်း အတူတူ
ဘာကြောင့်များ အမုန်းပွားနေမှာလဲ။
ညီနောင်တို့.. ..
လက်ချိုးရေလို့ ရတဲ့လူတစု
ပြည်ပြုလို့ နန်းတက်
အကြမ်းဖက်ရင်း သွေးခွဲ
ခပ်ကျဲကျဲ စေတနာတွေကိုတော့
တို့တတွေ သိဖို့ကောင်းပြီ။
ညီနောင်တို့....
နိုင်ငံနဲ့ လူမျိုး တိုးတက်စေဖို့
မတူကွဲပြားတဲ့ ကိုးကွယ်မှုကို
ယာယီဘေးမှာသိမ်းလွယ်ရင်း
ဥပဒေအထက်က လူတစုကို
တို့တွေရဲ့ ပေါင်းစုအားနဲ့
မနှေးအမြန် တွန်းလှန်ကြပါစို့လို့
ဆန္ဒပြုရင်း ဖိတ်ခေါ်လိုက်ပါရစေ။

( C.R ခရစ် ) rockhtun ( 2.09.2016 )
ပြန်လည်မျှဝေခြင်း ကိုဇော်မျိုး (ကွမ်တန်းနိစ္စဒါနပရဟိတအသင်း မလေးရှား)

No comments:

Post a Comment