Monday 19 September 2016

‪#‎မလေးမစားပြုမူပြောဆိုဆက်ဆံခဲ့သော်‬


#‎မလေးမစားပြုမူပြောဆိုဆက်ဆံခဲ့သော်‬
 
 

  ယနေ့ခေတ်ကို ကြည့်မည်ဆိုက အများစုသည် တစ်ဦးကိုတစ်ဦး အဘယ်သို့ပြုမူ ပြောဆို ဆက်ဆံနေကြပါသနည်း...လေးစားသောစိတ် ကြည်ညိုသောစိတ် ချစ်ခင်သော စိတ်ထားတို့ဖြင့် ပြုမူဆက်ဆံပြောဆိုနေသည်ကား နည်းလှ၏။ ထိုသို့ဖြစ်ခြင်းသည် ပစ္စပ္ပုန် သံသရာအကျိုးရှိမှုကို နားလည်သက်ဝင်မှုအားနည်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ပြုချင်သလိုပြု ပြောချင်သလိုပြောပြီး နေထိုင်သည့် နေထိုင်ပုံ နည်းစနစ်များလောက၌ လွှမ်းမိုးလာခြင်းဖြစ်၏။ မိမိတို့ထက် စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိန် နှိမ့်ကျနေသည့်သူတို့ကို ခတ်ထန်သည့် စကားလုံးတို့ဖြင့် ပြောဆိုချင်ကြ၏ ပြောဆိုကြ၏။ နှိမ်ချသည့်စကားလုံး အသုံးနှုန်းတို့ဖြင့် ဆက်ဆံချင်ကြ၏ ဆက်ဆံကြ၏။ အထင်သေးသည့် စကားလုံးတို့ဖြင့်ကြည့်လျှက် ပြောဆိုချင်ကြ၏။ ပြောဆိုကြ၏။ ကြမ်းတမ်းသည့်စကားလုံး မောက်မာသည့်စကားလုံးတို့ဖြင့် ပြောဆိုချင်ကြ၏ ပြောဆိုကြ၏။ ဤသို့ပြောဆိုကြခြင်းသည် သူတစ်ဘက်သားကို နှိမ့်ကျသောပုဂ္နိုလ်များဟု ယူဆနှိမ့်ချလျှက် မိမိကိုယ်ကိုမိမိ အဆင့်အတန်းမြင့်မားသူဟု အထင်ရောက်နေသည့်သူတို့၏ လောကအပေါ်ပြုမူဆက်ဆံပြောဆိုပုံတည်း။ ထိုသို့ပြုမူပြောဆိုဆက်ဆံခြင်း၏ ရလာဒ်ကားကား အဘယ်ပါနည်း? ချစ်ခင်ခြင်းလော ကြည်ညိုခြင်းလော။ မဟုတ်ပါပေ။ တကယ်စင်စစ်သော်ကား ထိုသို့သောပုဂ္ဂိုလ်မျိုး၏ လက်အောက်၌လည်း အလုပ် မလုပ်ချင်ကြပေ။ စွမ်းနိုင်မည်ဆိုပါကချက်ချင်းပင် ထွက်ခွါလိုကြ၏ စွန့်ခွါလိုကြ၏။ ရွံရှာသောစိတ် မုန်းတီးသောစိတ် ကလဲ့စားချေလိုသည့်စိတ်များသော်လည်း ဝင်ရောက်လာတက်၏။ ဤသည်ကား တစ်ဘက်သားကို မလေးမစားပြုမူ ပြောဆိုဆက်ဆံခြင်း၏ အကျိုးမဲမှုတည်း။ စိုးရွံ့ခြင်းကြောင့် ကြောက်ရွံ့ခြင်းကြောင့်သာ အားမတန် မာန်ကိုလျှော့လျက် မိမိတို့၏ လက်အောက်၌နေကြပေလိမ့်မည်။ မိမိတို့အပေါ်ကြည်ညိုလို့တော့မဟုတ်ပေ။ မိမိတို့နှင့် စကားပြောဆိုလိုသည့်စိတ်ဓာတ်များလည်း ထိုသူတို့၌ ဖြစ်ပေါ်လာမည်မဟုတ်ပေ။ လေးစားခြင်းဟူသည် စင်စစ်သိက္ခာရှိရှိဖြင့် နေခွင့်ပေးခြင်းဖြစ်၏။ မိမိ၏ အလိုဆန္ဒနှင့် မကိုက်ညီသည့်အတွက်ကြောင့် တားမြစ်ခြင်း လုပ်ပိုင်ခွင့်မပေးခြင်းသည် မလေးစားခြင်းမျှသာဖြစ်၏ လေးစားခြင်းမဟုတ်ပေ။ လေးလေးစားစား ပြုမူပြောဆိုဆက်ဆံခြင်းကို သည်းခံခြင်း ခန္တီတရားကိုဖြည့်ကျင့်ခြင်းဟုဆိုရ၏။ မိမိကိုယ်ကို မိမိမဆုံးမနိုငိသေးသမျှ သညာရှိဟုသာခေါ်ရ၏။ ပညာရှိဟု မခေါ်နိုင်သေးပေ။ သူမှာရှိသည်နှင့် သူ့ကို အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးခြင်းသည် မေတ္တာဖြစ်သည်။ မိမိဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင်လုပ်ခြင်းကား လောဘသာဖြစ်ပေသည်။ မိမိဖြစ်စေချင်သည့်အတိုင်း  ဖြစ်အောင်လုပ်ခြင်းသည် မိမိကိုယ်ကိုရှေ့တန်းတင်ခြင်း သူတစ်ပါးကိုနှောက်ယှက်ခြင်းဖြစ်သည်။
 
(အရှင်ရေဝတ ဖားအောက်တောရ)

No comments:

Post a Comment