Friday 8 September 2017

အထူးမေတ္တာရပ်ခံအပ်ပါသည်
*************************
ယခုအချိန်အခါကာလသည် မြန်မာပြည်ရှိ ရခိုင်ပြည်နယ်အရေးအခင်းနှင့် ပတ်သတ်၍ ထိလွယ်ရှလွယ်သော အခြေအနေလည်းဖြစ်ပါသည်။

တချို့သော ဘာသာရေး လူမျိုးရေး အစွန်းရောက်သူများမှလွဲ၍ မည့်သည့်လူမျိုး မည့်သည့်ဘာသာဝင်မဆို မိမိတို့၏ဘဝဝမ်းစာ ပရိယေသနအတွက် အေးချမ်းစွာ နေထိုင်လုပ်ကိုင်၍ ငြိမ်းချမ်းစွာ ဘဝတခုကို ရှင်သန်ဖြတ်သန်းလိုသူများချည်း ဖြစ်ကြပါသည်။

ယခုအခါ ရခိုင်ပြည်နယ်၌ဖြစ်သောမီးသည် ရခိုင်ပြည်နယ်မှတဆင့် မိမိတို့နေထိုင်လုပ်ကိုင်ရာ မလေးရှားသို့တိုင် မလိုသူများ၏ လှုံ့ဆော်မှုဖြင့် ကူးစက်လာနေသည်ကို သိရှိပြီးဖြစ်ပါလိမ့်မည်။

သို့ဖြစ်ပါ၍ မိမိတို့လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းကြား တစ်ဦးနဲ့တစ်ဦး တစ်ဘာသာနဲ့တစ်ဘာသာ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြား မခံချင်စရာ ဒေါသဖြစ်စရာ မနှစ်မြို့ဖွယ်ရာသော ခိုက်ရန်ဖြစ်ပွားစေမည့် အပြောအဆို အပြုအမူမျိုးကို သတိထားဆင်ခြင်ကာ ပြောဆိုလုပ်ကိုင်ကြခြင်းဖြင့် မလိုလားအပ်သော ပြဿနာများအား ကာကွယ်ရာလဲရောက်ပါသည်။

အထူးသဖြင့် မလေးရှားရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများအနေဖြင့် ဤကာလများတွင် အထူးသတိထားကာ ဆင်ခြင်သင့်လှပါသည်။ မည့်သည့်ဘာသာဝင် ဖြစ်စေကာမူ မိမိတို့သည် မိသားစုစားဝတ်နေရေးကြောင့် နိုင်ငံရပ်ခြားတွင် လာရောက်၍လုပ်ကိုင်နေကြရသော ဘဝတူများသာဖြစ်ပါသည်။

မိမိတို့၏ မဆင်မခြင် ပြောဆို လုပ်ကိုင်မှုများကြောင့် တခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ မထိခိုက်ပါစေနှင့်။ အထူးသဖြင့် ဘာသာရေး လူမျိုးရေးကိစ္စရပ်များကို မသိနားမလည်ပဲလျက် မိမိ၏တကိုယ်တည်းခံယူချက်ဖြင့် တခြားဘာသာနှင့်တခြားလူမျိုးတို့ကို ထိပါးပုတ်ခတ်ခြင်း မပြုလုပ်ကြရန်နှင့် မလိုလားအပ်သော ပြဿနာများ မဖန်တီးကြရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

နိစ္စဒါနပရဟိတအသင်း

No comments:

Post a Comment