Monday 17 July 2017



ဗုဒ္ဓဟောကြား ညီညွတ်ရေးတရား
********************************
တိပိဋကဓရ ဂန္ဓာရုံဆရာတော်ဘုရား၏ အဆုံးအမသြဝါဒတစ်ခုမှာ “သံဃာအဖွဲ့အစည်းအတွင်း၌ဖြစ်စေ ၊ လူ့အဖွဲ့အစည်းအတွင်းမှာဖြစ်စေ ငြင်းခုန်စရာ အမြင်ကွဲလွဲမှုတွေ ၊ သဘောထားမတိုက်ဆိုင်မှုတွေ ပေါ်ပေါက်လာတဲ့အခါ အချင်းချင်း “ဝိဝါဒကွဲပြားပြီး ပြဿနာဖြစ်စေမဲ့” အပြုအမူလုပ်ရပ်မျိုးတွေကို ရှောင်ကြဉ်ပြီးတော့ မိမိတို့အချင်းချင်း သိမ်မွေ့သောနည်းများဖြင့်သာ ဖြေရှင်း၍ ညီညွတ်ခြင်းကို ဖြစ်စေရမယ်”လို့ ဆုံးမထားတာ မှတ်သားရဖူးပါတယ်။ ဒီကနေ့ လက်ရှိအခြေအနေအရ ပြည်တွင်း ပြည်ပနှစ်ဌာနလုံးမှာ  သံဃာအချင်းချင်း ကွဲစေလွဲစေတဲ့ အရေးအသား အပြောအဆိုတွေ ၊ လူ့အဖွဲ့အစည်းအတွင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညီညွတ်ရေး ပျက်ပြားစေတဲ့ ပြုမူဆောင်ရွက်ချက်တွေကို အားလုံးမြင်နေ တွေ့နေကြရမှာ ဖြစ်ပါတယ်။ 

online နဲ့ မြေပြင် နှစ်နေရာလုံးမှာ အမျိုးချစ် သာသနာချစ်သူတွေ ဘယ်လောက်ပဲ ပေါများနေစေကာမူ စင်စစ်အားဖြင့် ဃရာဝါသမှုကိစ္စတွေနဲ့နေကြတဲ့ ပုထုဇဉ်လူဝတ်ကြောင်များရဲ့ အမျိုးဘာသာ သာသနာချစ်စိတ်ဆိုတာ ကိုရင်သာမဏေငယ်မှစလို့ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ဘုရားကြီးများအထိ ထိုထိုသံဃာတော်အပေါင်းတို့၏ ခြေဖျားလောက်သာဟုဆိုသော် လွန်အံ့မထင်ပါ။ ယခုစာမှာတော့ သံဃာတော်များကို မရည်ညွှန်းပဲလူ့အဖွဲ့အစည်း အသင်းအဖွဲ့များကိုသာ ရည်ညွှန်းရေးသားမှာ ဖြစ်ပါတယ်။

“လူ” ဟူသည် တစ်ဦးတစ်ယောက်တည်းဖြင့် မနေတတ်ရကား မိသားစု အစုအဖွဲ့မှစ၍ အသင်းအဖွဲ့များစသည်ဖြင့် နေထိုင်တတ်ကြတဲ့ သတ္တဝါမျိုးပဲဖြစ်ပါတယ်။ “လူရှိရင်ပြဿနာရှိတယ်” တယ်ဟူသော စကားအရ လူနဲ့ပြဿနာဟူသည် ကင်းကွာ၍မရကောင်းဆိုလျှင် မှားမည်မထင်ပါ။ 
ထို့ကြောင့် ငြိမ်းချမ်းရေးကို လိုလားသော ၊ ညီညွတ်ရေးကို ဦးတည်သော အသင်းအဖွဲ့များအနေဖြင့် သိသင့် သိအပ် ၊ ပြုသင့် ပြုအပ်သော စံပြုလိုက်နာစရာ မြတ်ဗုဒ္ဓ၏ “သာရဏီယတရား”တို့ကို မိမိတို့ညီနောင်အချင်းချင်း ချစ်ကြည်စည်းလုံးနိုင်ကြပါစေဟူသော ဆန္ဒမွန်ဖြင့်ပြန်လည်၍ မျှဝေရေးသားရခြင်းလဲ ဖြစ်ပါတယ်။ “သာရဏီယတရား” ဟူသည် မိမိတို့ရင်ထဲ နှလုံးသားထဲမှာ အစဉ်အောက်မေ့ ၊ အမြဲအမှတ်တရ ရှိနေရမည့်တရား လို့အဓိပ္ပာယ်ရပါတယ်။ ထိုသာရဏီယတရားကို လိုက်နာကျင့်သုံးကြခြင်းဖြင့် တစ်ဦးနဲ့တစ်ဦး ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟာ.. 

(*)ချစ်ခင်ရင်းနှီးမှုကို ဖြစ်ပေါ်စေနိုင်တယ်.

လူတစ်ဦးနဲ့တစ်ဦး ၊ အဖွဲ့အစည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းသင်းဆက်ဆံကြတဲ့နေရာမှာ အဓိကအကျဆုံးသည် မေတ္တာတရားပဲ ဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ၊ အဖွဲ့အစည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ မေတ္တာဓာတ်တွေခန်းခြောက်ပြီးတော့ မေတ္တာမထားနိုင်ဖြစ်လာတဲ့အခါ ဘယ်လိုမှပေါင်းသင်းဆက်ဆံလို့မရနိုင်ပါဘူး။ အဲလိုမဖြစ်အောင် တစ်ဦးနဲ့တစ်ဦး အစဉ်အောက်မေ့ အမှတ်တရ ရှိနေစေမဲ့ နည်းလမ်းတွေကို ကျွန်တော်တို့လိုက်နာ ပြုကျင့်ကြရပါမယ်။

(*)တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်လေးစားခြင်းကိုလဲ ဖြစ်စေပါတယ်.

တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံကြတဲ့အခါမှာ ချစ်ခင်ရင်းနှီးနေရုံနဲ့ မပြီးသေးပါဘူး ။ အပြန်အလှန် လေးစားမှုတွေ ထားနိုင်ဖို့လဲ လိုအပ်ပါတယ်။ ကိုယ်ကသူတစ်ပါး respect ပေးတာကိုပဲ ခံယူလိုပြီး သူတစ်ပါးကို ကိုယ်ကပြန်ပြီး respect မပေးနိုင်ရင် ဆက်ဆံရေးမှာ ခိုင်မာမှုမရရှိနိုင်ပါဘူး။ တချို့အဖွဲ့အစည်းက အကြီးအကဲ ၊ ခေါင်းဆောင်ဆိုသူတွေမှာ အဲလိုအပြုအမူမျိုးတွေ တွေ့ရတတ်ပါတယ်။ အဲလိုမဖြစ်အောင်လို့ တစ်ဦးနဲ့တစ်ဦး အစဉ်အောက်မေ့ အမှတ်တရ ရှိနေစေမဲ့ နည်းလမ်းတွေကို ကျွန်တော်တို့လိုက်နာ ပြုကျင့်ကြရပါမယ်။ 

(*)အတူတကွ ပေါင်းစည်းညီညွတ်ခြင်း ကိုလဲဖြစ်စေပါတယ်.

ဆိုလိုတာက အသင်းအဖွဲ့အစည်းတစ်ခုမှာ အသင်းဝင်အင်အား ဘယ်လောက်ပင်များပါစေ မကွဲမပြားတသားတည်း ညီညွတ်စွာရှိနေခြင်းပါ။ အဲလိုတသားတည်း တသွေးတည်းဖြစ်နေဖို့ဆိုတာကလဲ ပြုကျင့်လိုက်နာစရာ ကျင့်ဝတ်တို့ရှိနေပြန်ပါတယ်။ အဲဒါတွေကိုလဲ သင်္ဂဟသုတ်မှာ အခုလိုမှတ်သားခဲ့ရပါတယ်။
(၁)အပြန်အလှန် ထောက်ပံ့ကူညီမှုရှိရမယ်။
(၂)အကျိုးရှိစေမဲ့စကားမျိုးကို ယဉ်ကျေးစွာ ပြောဆိုရမယ်။
(၃) သူ့အကျိုး၊ ကိုယ့်အကျိုးကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရမယ်။
(၄)တစ်ဦးနဲ့တစ်ဦး အထင်မသေးရဘူး။ တန်းတူထားဆက်ဆံပြောဆိုရမယ်။
ဒီအချက်(၄)ချက်ကို ကိုယ်စီကိုယ်စီ လိုက်နာကျင့်သုံးကြခြင်းဖြင့် တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ စည်းလုံးညီညွတ်စွာနဲ့ အတူတကွပေါင်းသင်းဆက်ဆံခြင်းဟာ အဓွန့်ရှည်ခိုင်မြဲနေစေမှာ ဖြစ်ပါတယ်။ 

(*) ငြင်းခုန်ခြင်းကိုလဲ ပြေပျောက်စေနိုင်ပါတယ်.

“ဝိဝါဒ” လို့ဆိုတဲ့ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ သူကတစ်မျိုး ကိုယ်ကတစ်ဖုံနဲ့ အတင်းအကန်ငြင်းဆန်ပြီးတော့ ငြင်းကြခုန်ကြရာကစလို့ ပြဿနာတွေဖြစ်နေကြမယ်ဆိုရင် နောက်ဆုံးအချင်းချင်း မသင့်မတင့်မှုတွေ ဖြစ်လာမယ်။ မသင့်မတင့်ဖြစ်လာတဲ့အခါ ညီညွတ်ခြင်းဆိုတာ နောက်ဆုံးပျက်သုဉ်းရတာပါပဲ။ အဲလိုမဖြစ်ရအောင်လဲ တစ်ဦးနဲ့တစ်ဦး အစဉ်အောက်မေ့ အမှတ်တရ ရှိနေစေမဲ့ နည်းလမ်းတွေကို ကျွန်တော်တို့လိုက်နာ ပြုကျင့်ကြရပါမယ်။

(*)လုပ်စရာရှိတာတွေကို စိတ်တူကိုယ်တူနဲ့ လုပ်ဆောင်နိုင်ကြပါတယ်.

အချင်းချင်း အငြင်းအခုန်တွေနဲ့ ပြဿနာတွေ မဖြစ်ကြတော့ဘူးဆိုရင် မိမိတို့ပြုလုပ်ဆောင်ရွက်ဖွယ်ရာတွေမှာ စိတ်တူ ကိုယ်တူနဲ့ အားလုံးတိုင်ပင် အားလုံးဆုံးဖြတ် အားလုံးလုပ်ဆောင် ဒီလိုတွေဖြစ်လာတယ်။ “ဥမကွဲ သိုက်မပျက်”တဲ့ ။ စည်းလုံးကြတဲ့အခါ လုပ်သမျှလုပ်ငန်းတိုင်းဟာ ခရီးရောက်သလို အောင်မြင်မှုတွေလဲ ရကြတယ်။ ဒါကို “သမဂ္ဂါနံ တပေါ သုခေါ” စည်းလုံးညီညွတ်ခြင်းဟာ ချမ်းသာခြင်းရဲ့ အကြောင်းတရားပဲ လို့ဆိုတာဖြစ်ပါတယ်။ အဲလိုဖြစ်အောင်လဲ တစ်ဦးနဲ့တစ်ဦး အစဉ်အောက်မေ့ အမှတ်တရ ရှိနေစေမဲ့ နည်းလမ်းတွေကို ကျွန်တော်တို့လိုက်နာ ပြုကျင့်ကြရပါမယ်။

(*) လူဦးရေ အရေအတွက်များပေမဲ့ တသွေးတည်း တသားတည်းဖြစ်လာနိုင်ပါတယ်.

အားလုံး စုစုစည်းစည်း တိုင်တိုင်ပင်ပင်နဲ့ ဆောင်ရွက်ကြတဲ့အခါကျတော့ အသင်းအဖွဲ့အစည်းတစ်ခုမှာ အသင်းဝင်ဦးရေ တစ်ရာ၊တစ်ထောင်မက ရှိပင်ရှိသော်လဲ အားလုံးဟာ တသွေးတည်းတသားတည်း ကွဲပြားခြားနားခြင်း မရှိနိုင်တော့ဘူးပေါ။ (*)ဒီအမှတ်သင်္ကေတနဲ့ ပြထားတဲ့ အချက်တွေဟာ “သာရဏီယ”ဆိုတဲ့ ကျင့်ဝတ်တရားတွေကို လိုက်နာကျင်သုံးဖြင်းဖြင့် ရရှိခံစားရမဲ့ အကျိုးတရားတွေကို ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။

ကဲ.. အဲဒီလောက် ကောင်းကျိုးတရားတွေ ဖြစ်ထွန်းရရှိစေနိုင်တဲ့ “သာရဏီယတရား” ဆိုတာ ဘာတွေလဲ ? ။ ဆက်ပြီးတော့ လေ့လာကြည့်ကြမယ်ဆိုရင်….
[1] တစ်ဦးနဲ့တစ်ဦး ကာယကံမေတ္တာ ထားကြရမယ်တဲ့။
ကာယကံမေတ္တာထားဆိုတာ သူတစ်ပါးတို့အခက်အခဲ နာရေး သာရေး ကျန်းမာရေး စတဲ့ကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်ပြီးတော့ ကူညီဆောင်ရွက်ပေးတာမျိုးပေါ့။ စာရေးသူ ငယ်ငယ်တုန်းက ရပ်ရွာထဲမှာ ဘကြီးတစ်ယောက်က လမ်းသွားရင်း သူ့လက်ထဲမှာပါတဲ့တောင်ဝှေးနဲ့ လမ်းပေါ်ကကျောက်ခဲအချွန်လေးတွေကို ထုရိုက်ပြီးဖယ်ပစ်တယ်။ ပုလင်းကွဲတွေတွေ့ရင်လဲ လက်နဲ့ကောက်ယူပြီးတော့ လွတ်လောက်ရာမှာပစ်တာ တွေ့ရဖူးတယ်။ ငယ်တုန်းက အဘကြီးဘာလုပ်မှန်း မသိပေမဲ့ တွေးတတ် သိတတ်တဲ့ အရွယ်ရောက်လာမှ “သြော်.. ဒီဘကြီးနှယ် လမ်းသွားသူတွေ မတော်ထိမိ ခိုက်မိမှာစိုးလို့ ဆူးခလုတ်တွေကို ဖယ်ရှင်းပေးနေတာပါလားလို့ သိလာတယ်။ ဒါက ငယ်ငယ်က မှတ်မိနေသေးတဲ့ ဘကြီးရဲ့ လူတွေအပေါ် ကာယကံမေတ္တာထားပုံလေးပါ။

[2] တစ်ဦးနဲ့တစ်ဦး ဝစီကံ(နှုတ်)နဲ့လည်း မေတ္တာထားရမယ်တဲ့။
“ဝစီကံမေတ္တာ” ဆိုတာ ချစ်ခင် သင့်မြတ်နေကြတဲ့ သူတွေကြားမှာ အင်မတန်အရေးကြီးပါတယ်။ လူ့သဘောက ကိုယ်နဲ့မတည့်တဲ့သူဆိုရင် ကွယ်ရာမှာမဟုတ်တွေပြောပြီး သူတစ်ပါးအကြောင်း မကောင်းပြောတတ်ကြတယ်။ သူတစ်ပါးအကြောင်း မကောင်းပြောပြီဆိုတာနဲ့ ပြောသူနဲ့အပြောခံရသူကြား ဆက်ဆံရေးဟာ မပြေလည်နိုင်တော့ဘူးပေါ့။ ဝစီကံမေတ္တာဆိုတာ သူ့အကျိုးကိုလိုလားတဲ့အနေနဲ့ လမ်းမှား လမ်းချော်နေတာတွေကို တည့်မတ်အောင် လမ်းကြောင်းချပြပြီး ပြုပြင်နိုင်ဖို့ တိုက်တွန်းနှိုးဆော်တာမျိုး ဖြစ်သလို သူ့အကျိုးကို လိုလားတဲ့စိတ်နဲ့ ပြောသမျှစကားတိုင်းမှာလဲ မေတ္တာရှေ့ထားပြီး ပြောကြရမှာဖြစ်ပါတယ်။

တဖက်လူက မေတ္တာနဲ့ကောင်းစေလိုလို့ ပြောပေမဲ့လို့ တဖက်ကအပြောခံရသူအနေနဲ့ကလဲ နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ လူဆိုတာက ကိုယ်လုပ်တာသာအမှန် ကိုယ်ပြောတာသာ အဟုတ်လို့ ထင်တတ်ကြလေတော့ တခါတရံကိုယ့်ရဲ့လွဲမှားမှုတွေကို သူတစ်ပါးကထောက်ပြဝေဖန်လာရင် မကြိုက်ချင်ကြဘူးလေ။ ဒါ့ကြောင့် အပြောခံရသူအနေနဲ့ကလည်း သူပြောတာ သူ့အတွက်လား ကိုယ့်အတွက်လားဆိုတာကို ချင့်ချိန်တတ်ရပါမယ်။ ဒီနေရာမှာတော့ ရှင်ရာဟုလာနဲ့အရှင်သာရိပုတြာတို့ကို အတုယူသင့်ကြပါတယ်။ မင်္ဂလသုတ်မှာလဲ "ကျိုးကြောင်း ပြညွှန် ၊ ဆုံးမစကားကို ၊ ပြောကြားလာက ၊ နာလွယ်စေ" လို့ ဆုံးမထားပါတယ်။

ဝစီကံမေတ္တာနဲ့ ပြောတဲ့အခါမှာလဲ သတိထားရမဲ့ အချက်တွေက ဘာတွေလဲဆိုလို့ရှိရင် …
(1) ပြောသင့်တဲ့အချိန်မှ ပြောခြင်း
(2) ပြောသင့်လို့ ပြောတော့မယ်ဆိုရင်လဲ ယဉ်ကျေးစွာပြောခြင်း
(၃) မှန်တာကိုပဲပြောခြင်း
(4) အကျိုးရှိစေနိုင်တဲ့ စကားကိုပြောခြင်း
(5) ဒေါသနဲ့မပြောဘဲ မေတ္တာနဲ့သာပြောခြင်း.. တဲ့။
ဒါဆိုရင် အချင်းချင်းကြားမှာ ဘာပြဿနာမှ မဖြစ်ပေါ်စေဘဲ တစ်ဦးနဲ့တစ်ဦး အစဉ်အောက်မေ့ အမှတ်တရရှိနေကြမှာပါပဲ။

[3] တစ်ဦးနဲ့တစ်ဦး မနောကံနဲ့လဲ မေတ္တာထားရမယ်တဲ့။
အသင်းသားအချင်းချင်း ၊ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းအချင်းချင်းကြားမှာ တစ်ဦးနဲ့တစ်ဦး ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟာ စိတ်ထဲနှလုံးသားထဲမှာ အစဉ်မေတ္တာထားကြရမှာဖြစ်ပါတယ်။ အဲလို ကာယကံမေတ္တာ ၊ ဝစီကံမေတ္တာ ၊ မနောကံမေတ္တာတွေနဲ့ မျက်မှောက်ကွယ်ရာနှစ်မျိုးလုံးမှာ ပေါင်းသင်းဆက်ဆံကြမယ်ဆိုရင် ချစ်ခင်ညီညွတ်ခြင်း ၊ စည်းလုံးခြင်းအင်အားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အတူတကွ လက်တွဲဆောင်ရွက်နိုင်ကြမှာ မလွဲပါဘူး။

[4] ပြောဆိုလုပ်ကိုင် ဆောင်ရွက်ကြတဲ့အခါမှာလဲ အတူတကွညီညွတ်စွာ လုပ်ဆောင်ရမယ်တဲ့။
ဒါက ဘာကိုဆိုလိုတာလဲဆိုရင် အချင်းချင်းတစ်ဦးနဲ့တစ်ဦး မေတ္တာထားရုံနဲ့မပြီးသေးဘူး။ သွားအတူ ၊ စားအတူ လက်ရည်တပြင်တည်းရှိကြတာဟာလည်း ညီညွတ်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တစ်ဦးနဲ့တစ်ဦးဖြစ်စေ အသင်းအဖွဲ့တွေအနေနဲ့ဖြစ်စေ ရံခါရံခါဆိုသလို တွေ့ဆုံပြီးဝိုင်းဖွဲ့စားသောက်ကြတာမျိုး ၊ တွေ့ဆုံဆွေးနွေးကြတာမျိုးတွေကလဲ ညီညွတ်ရေးအတွက် အရေးပါတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ 

[5] ကိုယ်ကျင့်သီလတူကြရပါမယ်တဲ့ ။
ဒါကအရေးကြီးပါတယ်။ အိမ်ထောင်စုတစ်စုမှာဖြစ်စေ ၊ အသင်းအဖွဲ့တစ်ခုမှာဖြစ်စေ ကိုယ့်ကျင့်တရားမကောင်းတဲ့သူတွေ ပါလာရင် အိမ်ထောင်စုကိုသော်လည်းကောင်း ၊ အသင်းအဖွဲ့အစည်းကိုသော်လည်းကောင်း ထိခိုက်တတ်ပါတယ်။ ပရဟိတသမားဆိုရင်တော့ ကိုယ့်ကျင့်တရား အထူးကောင်းနေဖို့ လိုပါတယ်။ ပရဟိတသမားများသည် လောကကိုအလင်းပြသူ မီးရှူးတန်ဆောင်များဖြစ်လို့ အများအမြင်မှာ စံပြအနေနဲ့သာ ရှိသင့်ပါတယ်။ တခါတရံ ပုဂ္ဂလိကခံစားချက်နဲ့ မဆင်မခြင်ပြုမိ ပြောမိသည်များမှာလဲ မိမိအသင်းအဖွဲ့ရဲ့ ပုံရိပ်ကိုထိခိုက်စေနိုင်တာကြောင့် အထူးဆင်ခြင်သင့်လှပါတယ်။ ယခုအခါမှာ လူပြောသူပြော များနေတာက ပရဟိတကိုအသုံးချပြီး ကိုယ်ကျိုးရှာနေကြတယ်တဲ့။ အထူးသတိချပ်သင့်စရာပါပဲ။

[6] အမြင်ချင်းတူညီကြရပါမယ်တဲ့။
ကိုယ့်ကျင့်သီလ မတူညီနိုင်ကြရင် ဘယ်လိုမှတစ်ဦးနဲ့တစ်ဦး ယုံကြည်စိတ်ချလို့ မရနိုင်တဲ့အပြင် အမြင်ချင်းမတူညီကြရင်လဲ ဘယ်လိုမှပေါင်းစည်းလို့ ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကျင့်သီလမတူရင် အသင်းအဖွဲ့တွေဟာ ပျက်စီးကုန်မယ်။ အမြင်ချင်း မတူပြန်ရင်လဲ အသင်းအဖွဲ့တွေမှာ ပျက်စီးခြင်းကို ဖြစ်စေတတ်ပါတယ်။  ထို့ပြင်သိင်္ဂလောဝါဒသုတ်မှာလဲ “ပေးကမ်းချီးမြှင့် ၊ ကိုယ်နှင့်ယှဉ်ထား ၊ စီးပွားဆောင်ရွက် ၊ နှုတ်မြွက်ချိုသာ ၊ သစ္စာမှန်စေ ၊ ဝတ်ငါးထွေ ၊ ပြုလေမိတ်သဟာ” လို့ မိတ်ဆွေကျင့်ဝတ်ကို ဟောကြားဆုံးမထားတာ ကြားဖူးကြမှာပါပဲ။  ဒီမှာ “သစ္စာမှန်စေ” ဆိုတာကို ပရဟိတသမားအနေနဲ့ ပြောရရင် “ပရဟိတသမားအတွက် ပရဟိတစိတ်ဓါတ်ဆိုတာ မိတ်ဆွေပါပဲ”။ ပရဟိတလုပ်ငန်းနဲ့ ပတ်သတ်ပြီး ပရဟိတမှသွေဖည်သော အတွေးမျိုး ၊ အကြံမျိုး ၊ လုပ်ရပ်မျိုးကို တွေးကြံ လုပ်နေပြီဆိုရင် ဒါဟာ မိမိလုပ်နေတဲ့ ပရဟိတလုပ်ငန်းအပေါ် သစ္စာဖောက်တာပါပဲ။ 

တစ်ချို့လူတွေက ပရဟိတစိတ်တော့ရှိတယ် ။ မျက်နှာရ အခွင့်အရေးရမဲ့နေရာမျိုးဆိုရင် သူတို့မပါရင်မပြီးသလို အပြေးအလွှားသွားချင် လုပ်ချင်ကြသလောက် အများသူငါအကျိုးရှိစေနိုင်ပေမဲ့ အမုန်းခံရမဲ့နေရာမျိုးဆိုရင် မသိသလို လက်ရှောင်ခေါင်းခါတတ်ကြပါတယ်။ “အမှားမလိုက် များမကြိုက်လဲ ၊ ဘုရားကြိုက်ရင် ဆောင်ရမယ်” တဲ့။ ပရဟိတသမားစစ်စစ်ဆိုတာ အများသူငါအကျိုးရှိစေမဲ့ ကိစ္စမျိုးတွေမှာ အမုန်းခံသင့်ရင်လဲ ခံရဲရပါတယ်။ မြတ်ဗုဒ္ဓဟာ လောကမှာ ပရဟိတအလုပ်ကို အလုပ်နိုင်ဆုံးသူပါ။ ကျွန်တော်တို့လျှောက်နေတဲ့ ပရဟိတလမ်းကို မြတ်ဗုဒ္ဓဟာ “သွေးစက်ချပြီးလမ်းပြခဲ့” သူဖြစ်ပါတယ်။ “အသက်ပေး၍လမ်းပြခဲ့” သူလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကျမှ လူအများအကျိုးစီးပွားဖြစ်ထွန်းစေမဲ့ ကိစ္စမျိုးတွေမှာတောင် အမုန်းခံရမှာကြောက်နေရင်……? ကျွန်တော်တို့ ဆိုဆိုနေတဲ့ "ဧတေန သစ္စ ဝဇ္ဇေန" ဆိုတာ “မုသာဝါဒ” စကားသက်သက်သာ ဖြစ်နေတော့မှာပေါ့။

ယနေ့ကမ္ဘာပေါ်မှာ အကွဲအပြဲတွေ သိပ်များလွန်းတာတွေ့ရသလို ကျွန်တော်မြန်မာပြည်မှာလဲ အကွဲအပြဲတွေနဲ့သာ အစဉ်ချီတက်လာခဲ့တာကြောင့် ဒီကနေ့မြန်မာနိုင်ငံဟာ ဝါးအစည်းပြေသလို ဖြစ်နေတာ လက်တွေ့မြင်နေကြရမှာပါ။ လူနာမျက်ဖြူဆိုက်လေ ဆေးဆရာအလွန်ကြိုက်လေ ဆိုတာလို ကျနော်တို့အချင်းချင်းမသင့်မြတ်လေ တိုင်းတစ်ပါးလူမျိုးခြား ဘာသာခြားတို့ အခွင့်အရေးပိုရလေ။ ဝမ်းသာအားရရှိကြလေပါပဲ။

မိမိတို့ညီကိုအချင်းချင်း အတ္တတွေ မာနတွေကို ဘေးဖယ်ပြီး မေတ္တာမပျက် ချစ်ကြည်စည်းလုံးစွာနဲ့ ကြုံတွေ့လာရတဲ့ အခက်အခဲပြဿနာအားလုံးကို ညီညွတ်ခြင်း ပေါင်းစည်းခြင်းတို့နဲ့ အတူတကွလက်တွဲ ဆောင်ရွက်ကြပါမှ အရာခပ်သိမ်း ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း အထူးအလေးထားတိုက်တွန်းလိုပါတယ်။ ထို့ကြောင့် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော သာရဏီယတရားတို့ကို ကိုယ်စီကိုယ်စီ လိုက်နာကျင့်သုံးနိုင်ကြ၍ ချစ်ခင်ညီညွတ်စွာဖြင့် တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အစဉ်အောက်မေ့ အမှတ်တရရှိကြပါစေသောဟူ၍.....

လေးစားစွာဖြင့်

မောင်ဇော်မျိုး (နိစ္စဒါန)

No comments:

Post a Comment